ဟင်္သာတ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသား/သူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်သိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းယုမှ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများအား ဒေါ်ခင်နှင်းယုနှင့် တာဝန်ရှိသူများမှပေးအပ်ခဲ့ရာ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တာဝန်ခံများမှလည်းကောင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေးကျောင်း (NFPE)အတွက် ဆရာကြီး ဦးငွေစိုးမှလည်းကောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေးကျောင်း(NFME)အတွက်မှ ဆရာမကြီး ဒေါ်အေးသန်းမှ လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများမှ “ဇာတိမာန်” သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စွာထွန်း၊ အဖွဲ့ဝင်(၂)ဦးမြင့်သိန်း၊ ဟင်္သာတမြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းယု၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး ဒေါ်လဲ့လဲ့ခိုင်နှင့် ဟင်္သာတ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)