ဒေးဒရဲ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ယောကျ်ားတံခွန်လူရည်ချွန် စာအုပ်ပါ မနွယ်(ကလော)ရေးသားသည့် ဇမ္ဗူတလူ သူမတူသည့် ယောကျ်ားတံခွန် လူရည်ချွန် ဆောင်းပါးနှင့် သကျနွယ်(ရွှေပင်လယ်)ရေးသားသည့် လူရည်ချွန်ဖြစ်ဖို့ ဆောင်းပါးကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက အားနည်းတဲ့သူ ဖေးမကူစိတ်ထားမျိုးသည် ယောကျ်ားကောင်းတို့ ထားရှိရမည့်စိတ်ထား ဖြစ်ကြောင်းနှင့် ယနေ့ခေတ်လူငယ်များအနေဖြင့် ငယ်စဥ်ကပင် ရည့်မှန်းချက်ထားပြီး ပန်းတိုင်အရောက်သွားရမည် ဖြစ်ပါကြောင်း အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အေဇာလင်း