ဧရာဝတီတိုင်းဒေသကြီးအတွင်း အထူးရဲသင်တန်းများ ဖွင့်ပေး

ပုသိမ် အောက်တိုဘာ ၇

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက်၊ မဲရုံများတွင် လုံခြုံတာဝန်ထမ်ဆောင်မည့် အထူးရဲများသင်တန်းကို တိုင်းဒေသကြီးအတွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်များတွင် ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ရဲတပ်ဖွဲ့၏ဥပဒေ၊ နည်းဥပဒေ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်နှင့် ပြည်သူများပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ဥပဒေဘာသာ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်နှင့်ဝတ္တရားများ၊ လက်နက်မဲစစ်ရေးပြ ဘာသာရပ်များကို သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းများသို့ ပုသိမ်ခရိုင်တွင် သင်တန်းနေရာ ၂၅ နေရာသို့ သင်တန်းသား ၁၂၇၁ ဦး၊င်္သာတခရိုင်တွင် သင်တန်းနေရာ ၂၃ နေရာသို့ သင်တန်းသား ၁၁၁၀ ဦး၊ မြောင်းမြခရိုင်တွင် သင်တန်း ၁၁ နေရာသို့ သင်တန်းသား ၇၉၅ ဦး၊ မအူပင်ခရိုင်တွင် သင်တန်း ၁၄ နေရာသို့ သင်တန်းသား ၉၃၆ ဦး၊ ဖျာပုံခရိုင်တွင် သင်တန်း ၁၀ နေရာသို့ သင်တန်းသား ၁၀၅၁ ဦး၊ လပွတ္တာခရိုင်တွင် သင်တန်း နေရာသို့ သင်တန်းသား ၅၈၅ ဦး၊ စုစုပေါင်း သင်တန်းနေရာ ၉၀ နေရာသို့ သင်တန်းသား ၅၇၄၈ ဦး တက်ရောက်လျက်ရှိပြီး အောက်တိုဘာ ၂၈ ရက်နေ့အထိ သင်တန်းဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)