ပွင့်ဖြူ မေ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် အခွင့်အလမ်း မဆုံးရှုံးစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက် ပေးလျက်ရှိရာ မေ ၂၆ ရက်၊ (ယနေ့အထိ) ကျောင်းသား၊ ကျောင်းသူဦးရေ နှစ်သောင်းကျော် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းသားကျောင်းသူများ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးရာတွင် တာဝန်ကျ ဆရာ၊ ဆရာမများက မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ စနစ်တကျ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခဲ့ရာ မေ ၂၃ ရက်နေ့မှ ယနေ့အထိ မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၁၉၆၉ ဦး ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ကျောင်းအပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်သိ ပြည်သူများက လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ပညာဆည်းပူး သင်ကြားနိုင်ရေးအတွက် အခြေခံပညာ အထက်တန်းကျောင်း ၁၀ ကျောင်း ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ၂၀ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၁၂ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ၁၀ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀၇ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) ၅ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်း၊ စုစုပေါင်း အခြေခံပညာ စာသင်ကျောင်း ၁၆၉ ကျောင်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် တာဝန်သိပြည်သူများက အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရကာ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်(၁)ရက်နေ့တွင် ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )