ထန်ပါခွေ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီ အချိန်က ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီ မျိုးသန့်မျိုးပွားစိုက်ပျိုးမည့် တောင်သူများအား မိုးစပါးစိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးဝေမင်းဦးက လဟယ်မြို့နယ်၊ ထန်ပါခွေမြို့တွင် မိုးစပါး(၁၅၁၁)ဧက စိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ လယ်စပါး(၁၉၀)ဧကနှင့် တောင်ယာစပါး (၁၃၂၁)ဧက နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းအားဖြင့် ပုံမှန်စပါးအထွက်နှုန်းထက် (၁၀)ရာခိုင်နှုန်း ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း မျိုးသန့်မျိုးပွားပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် အကျိုးဆောင်တောင်သူများအား နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်ယာစပါး ယာ(၉)စပါးမျိုး(၁၀)တင်းနှင့် GW-11 စပါးမျိုး (၁၀)အိတ်အား အကျိုးဆောင်တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ တောင်သူများနှင့် စိတ်ပါဝင်စားသော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)