ပဲခူးမြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးမည့် ပျိုးပင်ပေါင်း ၁၅၀၀၀၀ ပျိုးထောင်ထားရှိ

ပဲခူး မေ ၂၆

ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးမည့်ပျိုးပင်ပေါင်း(၁၅၀၀၀၀)အား ပဲခူးမြို့နယ်အတွင်းရှိ သစ်တောဦးစီးဌာနပျိုးဥယျာဉ်ခြံများတွင် စနစ်တကျပြုစုပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့နယ်သစ်တောဦးစီးဌာနပျိုးဥယျာဉ်ခြံများတွင် စနစ်တကျပြုစုပျိုးထောင်ထားရှိသည့် အမြင့်၂ ပေရှိ အောင်မြင်သန်စွမ်းသည့်ပျိုးပင်များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ငု‌ရွှေဝါ၊ ကုလားကုက္ကိုလ်၊ မဟော်ဂနီ၊ ယမနေ၊ မန်ဂျန်ရှား၊ ယူကလစ်၊ စွယ်တော်၊ ပျဉ်းမ၊ မအူ၊ တမလန်းအစရှိသည့် ပျိုးပင်များအား ပဲခူးမြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်ခြံများဖြစ်သည့် ဥဿာပျိုးဥယျာဉ်ခြံတွင် ပျိုးပင်(၇၀၀၀၀)၊ ဝါးကတုတ်ပျိုးဥယျာဉ်ခြံတွင် ပျိုးပင်(၅၅၀၀၀)၊ ဇီးတောပျိုးဥယျာဉ်ခြံတွင် ပျိုးပင်(၂၅၀၀၀)တို့အားစနစ်တကျ ပြုစုပျိုးထောင်ထားပြီး မေလ၂၄ ရက်နေ့တွင် ပဲခူးမြို့ ကန်တောကြီးသစ်တောကြိုးဝိုင်းတွင် ပျိုးပင်ပေါင်း ၃၀၀ ပင်အား မြေဧက ၁.၅ ဧကတွင် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါပျိုးပင်များအား ၂၀၂၃ မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်း၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုများ၊ သစ်တောကြိုးဝိုင်းများတွင် အခမဲ့စိုက်ပျိုးဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)