မယ်စဲ့ မေ ၂၆
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးများအသင်း (Women Club) တို့ပူးပေါင်း၍ စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် စိတ်ဓာတ်ကျရင် ဖတ်ကြည့်ပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က စိတ်ဓာတ်ကြံ့ခိုင်သူ၊ စိတ်ရှည်သည်းခံသူ၊ မျှတသည့် အတွေးရှိသူများဖြစ်အောင် လေ့ကျင့်နေထိုင်ဖို့ လိုအပ်ကြောင်း၊ အဆင်မပြေမှုများနှင့် ကြုံတွေ့လျှင် ကိုယ့်အတွေးနှင့်ကိုယ် ပိတ်လှောင်မထားသင့်ဘဲ အဆင်ပြေနိုင်သည့် နည်းလမ်းကို ရှာဖွေသင့်ကြောင်း ဆွေးနွေးရာ Book Club အဖွဲ့ဝင် မမေသူဟိန်းနှင့် Women Club အဖွဲ့ဝင် မအေးမြတို့က ဤစာအုပ်ကို ဖတ်ရှုဖြင်းဖြင့် စိတ်ညစ်နေသူများ၊ စိတ်ဓာတ်ကျနေသူများအတွက် ကောက်ရိုးတစ်မျှင်ဖြစ်စေ၊ ရေကြည်တစ်ပေါက်ဖြစ်စေ စိတ်ခွန်အားရစေကြောင်းကို ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် Book Club နှင့် Women Club အဖွဲ့ဝင်များအား နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြသဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)