ဖြူးမြို့နယ်တွင် ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ဖြူး မေ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်၊ ဖြူးမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက် ထုတ်ယူသောအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုတင်(၁၀၀)ဆံ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း သိရသည်။

ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ချိန်နှင့်ကိုက်၍ လစဉ်(၂၁)ရက်နေ့မှစတင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မည့် ရည်မှန်းဦးရေ(၅၃၂၀)ဦးရှိရာ ယနေ့ထိလာရောက်ပြသသူ လူနာဟောင်း(၁၉၄)ဦး၊ လူနာသစ်(၅၄)ဦး စုစုပေါင်း(၂၄၈)ဦးရှိကြောင်းနှင့် အဓိကလာရောက်ပြသသည့် ရောဂါများမှာ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အဆုတ်ရောင်၊ အာရုံကြောအားနည်းခြင်း၊ မျက်စိအားနည်းခြင်းများတွေ့ရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)