ချောင်းဦးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

ချောင်းဦး မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့နယ် ပညာရေးမှူး နှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်သည်။

ထို့နောက် အခမ်းအနား ပထမပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးသည် အလွန်အ‌ရေးပါသည့် ကဏ္ဍတစ်ခုတွင် ပါဝင်ပါကြောင်း၊ ပညာမြင့်မှနိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပညာသင်ယူခွင့်ရရှိသည့် ကလေးငယ်များအားလုံး ပညာသင်ယူရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှအခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ပညာရေးစနစ်သစ်အတွက် သင်ထောက်ကူပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးထားပါကြောင်း၊ အုပ်ထိန်းသူမိဘများအနေဖြင့် မိမိတို့ အခက်အခဲများကိုကျော်လွှားပြီး မိမိရင်သွေးငယ်များ ပညာတတ်မြောက်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အခြေအနေ အကြောင်းကြောင်းကြောင့် ကလေးကျောင်းတက်ရန် တစ်နှစ်နောက်ကျသွားပါက ကလေးငယ်ရဲ့ တက်လမ်းတစ်နှစ် နောက်ကျသွားမှာဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးမှ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူရှင်များ လှူဒါန်းထားသည့် ကျောင်းသုံးစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကို အလှူရှင်များကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်မှ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးထံသို့ ပေးအပ်ခဲ့သည်။

ချောင်းဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မေလ၂၃ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံနေပြီး မြို့နယ်အနေဖြင့် ဖွင့်လှစ်နိုင်သည့် အခြခံပညာကျောင်းများ ကို ဇွန်လ(၁)ရက်နေ့တွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)