တမူးမြို့နယ်၌ ၂‌၀၂‌၃-၂၀‌‌၂‌၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တမူး မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေလ(၂၆) ရက်နေ့ နံနက်(၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အ.ထ.က (၁) ကျောင်းသား ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တမူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်က နိုင်ငံတော်အစိုးရမှ အခမဲ့ပညာရေးအစီအစဥ်အရ ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့လျက်ရှိပြီး အမှန်တကယ်ကျောင်းနေရန် အခက်အခဲရှိသည့် ချို့တဲ့နွမ်းပါးသူများကို ပညာသင်ထောက်ပံ့ကြေးများ ပံ့ပို့လျက်ရှိသည့်အပြင် ကျောင်းနေအရွယ် ကလေးငယ်တိုင်းကို စာတတ်ရုံမျှသာမက နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ် ယဥ်ကျေးမှုကို တန်ဖိုးထားလိုသည့်စိတ်များ ဖြစ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ဗလငါးတန်နဲ့ပြည်စုံသည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေဖို့ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အလိုက် ကျောင်းသား/ သူများ၏ ဗီဇ၊ အထုံ၊ ဝါသနာ၊ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု အလျောက် တစ်ဦးချင်းစီရဲ့ ခံယူနိုင်မှု၊ စွမ်းဆောင်နိုင်မှုအလိုက် ကြိုးစားအားထုတ်သင်ယူနိုင်ဖို့အတွက် နိုင်ငံတော်မှအလေးထား ဆောင်ရွက်နေကြောင်း အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးဟန်ရွှေက တမူးခရိုင်အတွင်း ကျောင်းဖွင့်လှစ်မှုအခြေနေများ၊ ကျောင်းအပ်လက်ခံမှု အခြေအနေများနှင့် ကျောင်းသုံးစာအုပ်ဖြန့်ချီမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက ဗလာစာအုပ်၊ ခဲတံနှင့်ဘောပင်များ၊ အလှူငွေများ ထောက်ပံ့ပေးအပ် လှူဒါန်းကြရာ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

တမူးခရိုင်

စစ်ကိုင်းတိုင်းဒေသကြီး (ပြန်/ဆက်)