လိပ်သို မေ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိပြည်သူများမှာ တောင်ယာလုပ်ငန်း၊ ဉယျာဉ်ခြံလုပ်ငန်းတို့ဖြင့် အဓိကအသက်မွေးဝမ်းကျောင်းပြုကြရာ နှစ်တိုသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းသည်လည်း အပါအဝင်ဖြစ်သည်။
နနွင်းစိုက်တောင်သူများမှာ နနွင်းကို ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် စတင်တူးဖော်ကြပြီး အစိုလိုက်သော်လည်းကောင်း၊ အခြောက်ပြုလုပ်၍သော်လည်းကောင်း ရောင်းချခြင်းသာမက တစ်ချို့က နနွင်းကိုအမှုန့်အဖြစ်ကြိတ်ကာ ပြန်လည်ရောင်းချရာ၌လည်း ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ သဘာဝနနွင်းမှုန့်များသည် အိမ်ရှင်မများ၏ မီးဖိုချောင်သုံး ဆေးဖက်ဝင်အမယ်တစ်မျိုးဖြစ်ကြောင်း၊ တိုင်းရင်းဆေးများ ဖော်စပ်ရာတွင်လည်းကောင်း၊ အမျိုးသမီးများ သွေးသန့်သန့်စင်ရာတွင်လည်းကောင်း၊ မျက်နှာအလှကိုပြုပြင်ရန်နှင့် အသားလှလိမ်းဆေးအဖြစ်လည်းကောင်း၊ ဟင်းလျာများချက်ပြုတ်ရာတွင် လည်းကောင်း အသုံးပြုကြပြီး ဗူးပါကင်ပုံစံအမျိုးမျိုးထုတ်ပိုး၍လည်း ရောင်းချကြသည်။ လိပ်သိုဒေသထွက် နနွင်းမှုန့်များကို တစ်ပိဿာလျှင် (၈၀၀၀/-)ကျပ် အထိ ရောင်းချရပြီး မြို့ပေါ်ဈေးဆိုင်များတွင် ရောင်းချခြင်းသာမက တောင်ငူမြို့နှင့် ရန်ကုန်မြို့ သို့လည်း ပို့ဆောင်ရောင်းချကြကြောင်းသိရသည်။
ခင်လေးနွယ်