မုံရွာ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အရည်အသွေးမြှင့်တင်ရေးသင်တန်းကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေး ထောက်ပံ့ကြေးပေးရေးလုပ်ငန်းနှင့်ပတ်သက်၍ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများကို ဌာနဆိုင်ရာအနေဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေကြသလို ကျမတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန အနေဖြင့်လည်း လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုရေးအခက်အခဲများ ဖြစ်ပေါ်လာပါကလည်း တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေး နိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေတာဟာ လူဘဝအစဖြစ်သည့် ကိုယ်ဝန်ဆောင် မိခင်ဘဝမှ ဘိုးဘွားများအထိကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာစသည့်တို့အပြင် ထောက်ပံ့ငွေပေးအပ်ခြင်း၊ အသက်မွေးဝမ်း ကြောင်း ပြုနိုင်ရေး တစ်သက်တာ လုပ်ကိုင်နိုင်ရေးစသည့် ရေရှည်ရေတို ရှေးရှု၍ ကြိုးပမ်းကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လုပ်ငန်းကြီး(၇)ရပ် ဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး၊နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ကလေးနှင့်လူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများကာကွယ် စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ နှင့်သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့်စောင့်ရှောက်ရေးလုပ်ငန်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစသည့် လုပ်ငန်းကြီးများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။
ဒီလိုဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များထဲက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ပေးထားသော ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများနှင့် ပရဟိတဂေဟာများရှိ ကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုပြီး စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဂေဟာ၊ မသန်စွမ်းဂေဟာ၊ ဘိုးဘွားရိပ်သာနှင့် အမျိုးသမီးဂေဟာများအား ပထမအဆင့် ဆန်ဘိုးငွေထောက်ပံ့ခြင်း၊ ဒုတိယအဆင့်ဆန်ဘိုးငွေ+ စားစရိတ်+ ဝတ်စရိတ်တတိယအဆင့် ဆန်ဘိုးငွေ+ စားစရိတ်+ ဝတ်စရိတ်+ ဂေဟာမှူးလစာ ထောက်ပံ့ပေးလျက် ရှိပါတယ်။
ဂေဟာများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ မွန်မြတ်သော လုပ်ဆောင်ချက်များအား တိတိကျကျလမ်းမှန်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ ချမှတ်ထားသော စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များ၊ လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာများတို့အား ပူးပေါင်းကာနည်းစနစ် ပြည့်ဝပြီးဖွံ့ဖြိုးမှု ရရှိနိုင်ရေးတို့ကို ဆောင်ရွက်ပေးကြပါ၊ လူမှုရေးလုပ်ငန်း များကို စွမ်းစွမ်းတမံ ကြိုးပမ်း အားပေး ကြသည့်အတွက် ကျမတို့တိုင်းဦးစီး မှူးများအနေဖြင့် ပြည်သူလူထု၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း ထိရောက်သော ဝန်ဆောင်မှုများကိုလည်း ပေးနိုင်ခဲ့သည့်အတွက်ကျေးဇူးတင် လေးစားမိပါကြောင်း၊ ရှေ့ဆက်ပြီးလည်း ဌာနဆိုင်ရာများ၊ ပြည်သူလူထု များနှင့် ချိတ်ဆက်မှု အားကောင်းဆောင် ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်အကျိုး၊ တိုင်းပြည်အကျိုးကို ဖွံ့ဖြိုးရေးတိုးတက်အောင် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြင့်ရီ ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရရှိမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာမများက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့်မှတ်ပုံတင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းနှင့် ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရရှိမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများစသည့် ခေါင်းစဥ်များဖြင့် လူမှု၀န်ထမ်းဦးစီးဌာန အသိအမှတ်ပြုထားသော ဘိုးဘွားရိပ်သာ အမျိုးသမီးဂေဟာ လူငယ့်ဖွံ့ဖြိုးရေးပရဟိတဂေဟာ မသန်စွမ်းဂေဟာ ကိုယ့်အားကိုယ်ကိုးမူကြိုတို့ရှိ ကြီးကြပ်သူတာ၀န်ရှိသူ ၃၀ ဦးအား စာတွေ့လက်တွေ့တစ်ရက်ကြာ ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)