ငဖဲ မေ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) ၊ (CSR) ၏ အစီအစဉ်ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပူးပေါင်းဆောင်ရွက်သည့် မင်းလွင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဂါလန် ၂၀၀ဆံ့ မိုးရေခံကွန်ကရစ်ကန် (၁၇၀) လုံးကို အိမ်တိုင်ရာရောက်ပြုလုပ်ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေတွင်းတူး ဖော်၍ မရနိုင်သည့် မင်းလွင်ကျေးရွာအုပ်စုမှ ဝင်္ဂဘာကျေးရွာကို ရွေးချယ်ထားပြီး အိမ်တိုင်ရာရောက် ကွန်ကရစ်လောင်း၍ ရေကန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြုလုပ်ပေးရာတွင် ဂါလန် ၂၀၀ဆံ့ ရေကန်အပြင် ရေတံလျှောက်၊ ပိုက်နှင့် ရေကန်အဖုံးဖြင့်ပူးတွဲ၍ အလုံး(၁၀၀)၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် မင်းလွင်ကျေးရွာတွင် ရေကန်အလုံး(၂၀)၊ အိုးမြေခုံကျေးရွာတွင် ရေကန်အလုံး(၂၀)၊ ဝင်္ဂဘာကျေးရွာတွင် ရေကန်အလုံး (၃၀)၊ စုစုပေါင်း ရေကန် အလုံး(၁၇၀)ကို မေလ ၂ရက်နေ့မှ စတင်၍ အိမ်တိုင်ရာရောက် အမိုးတံစဉ်းမြတ် အောက် ခြေတွင် လုပ်ငန်းများစတင်ဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ကွန်ကရစ်အလုံး (၉၀)ခန့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း၊ ဝင်္ဂဘာကျေးရွာတွင် အိမ်ခြေ(၁၃၆)အိမ်ရှိသည့် အတွက် လိုအပ်နေသည့် (၆)လုံးကို မြို့နယ်စိမ်း/စိုဦးစီးဌာန နှင့် ရပ်ရွာမှစုပေါင်း၍ ရေကန်(၆)လုံး နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသိန်းက ပြောကြားသည်။
မင်းလွင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအတွက် သန့်ရှင်းသည့် သောက်သုံးရေဖူလုံစေရေးနှင့် မိုးရေစုဆောင်း အသုံးချသည့်အလေ့အကျင့် တိုးပွားစေရန်၊ အမှန်တကယ်ရေလုံလောက်မှုမရှိသည့် ကျေးရွာများတွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ရေသယံဇာတ လေလွင့်ဆုံးရှုံးမှုမဖြစ်စေဘဲ အကျိုးရှိစေရန်နှင့် မိုးရေစုဆောင်းခြင်းအသိပညာ တိုးပွားလာစေရန် ရည်ရွယ်၍ ဂါလံ ၂၀၀ ဆံ့ကွန်ကရစ်ရေကန်များ ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)