ဒေးဒရဲ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့သည် စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၁)နာရီက မှော်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းအပ်နှံခြင်းများ ဆောင်ရွက်လျက်ရှိရာ အချိန်မီ ကျောင်းအပ်နှံပြီးစီးရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ပြည်သူပါဝင်မှုဖြင့် အပတ်စဥ်ဆောင်ရွက်သွားရန်၊ မိုးစပါးအထွက်နှုန်းတိုးတက်ရေး နည်းပညာရပ်များကို လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မိမိကျေးရွာအတွင်းရှိ ပြည်သူများ လူမှုစီးပွားဘဝများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ဆွေးနွေးခြင်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ နိုင်ငံသားစီစစ်ကတ်များနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက် ပေးနေမှုများနှင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက ကျေးရွာလျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ လိုအပ်ချက်များကို တင်ပြခဲ့ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း