ပုသိမ် မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို မေလ(၂၆)ရက်နေ့ ၊ နံနက် ၁၀ နာရီအချိန်က ပုသိမ်မြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက အမှာစကား ပြောကြားရာတွင် သင်တန်းပြီးမြောက်သွားသည့် လျှပ်စစ်သင်တန်းသားများအနေဖြင့် သင်တန်းကရရှိခဲ့တဲ့ အသိပညာနှင့် ကျွမ်းကျင်မှုတွေကိုအသုံးချပြီး သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ ၀င်ရောက်လုပ်ကိုင်ကြရန်၊ လုပ်ငန်းနဲ့ဆိုင်တဲ့ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာကြရန်၊ သင်တန်းပြီးမြောက်သွားသူ များကို မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ"သတ်မှတ်ပြဌာန်းရေးအဖွဲ့က အကောင်အထည်ဖော် ပြုလုပ်နေတဲ့ အမျိုးသားအဆင့်ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများကို ၀င်ရောက်ဖြေဆိုနိုင်ဖို့ သင်တန်းကျောင်းအနေနဲ့ စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား များအားဆုများကိုပေးအပ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာကြီးမှ သင်တန်းသားများအား သင်တန်း ဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်းနှင့် သင်တန်းနည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသားများကိုယ်စား ပထမဆုရရှိသောသင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဦးစီးမှူးမှ သင်တန်းသားများအလုပ်အကိုင်ရရှိရေးအတွက် လုပ်ငန်းရှင်များအား ဆွေးနွေးတင်ပြခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။
မြင့်ဟန်
ပုသိမ်ခရိုင် (ပြန်/ဆက်)