မိုးညို မေ ၂၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို) သရဖူခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အ.ထ.က(မိုးညို)မှ ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း"သီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကြည်လင်က ဆရာ/ဆရာမများအနေဖြင့် ဦးဆောင်နိုင်မှု၊ စီမံခန့်ခွဲမှု၊ သင်ကြား/သင်ယူမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပင်ကိုယ်အရည်အသွေးများပြည့်စုံရန်လိုအပ်ကြောင်းနှင့် ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်ကျောင်းအကျိုးတော်ဆောင်အဖွဲ့က အ.ထ.က(မိုးညို)မှကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးထံအလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ကျောင်းသား/ကျောင်းသူများက "ဇာတိမာန်"သီချင်းဖြင့် သီဆိုကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး မိုးညိုမြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၁၆၆)ကျောင်းတွင် မေလ(၂၅)ရက်နေ့ထိကျောင်းသား/ကျောင်းသူ(၁၉၃၀၆)ဦးအပ်နှံနိုင်ခဲ့ပြီး မေလ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)