တမူး မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ကျောင်းသား/သူများအား တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်မှုရှိစေရန်၊ ပူးပေါင်းဆောင်ရွတ်လိုစိတ်ရှိစေရန်၊ ဥာဏ်ရည် ဥာဏ်သွေးများ ထက်မြတ်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ အကျင့်စာရိတ္တများ ပိုမိုကောင်းမွန်လာစေရန်တို့ကို ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း အလားတူ ပြိုင်ပွဲများကိုလည်း လစဥ်ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာ အခြေခံပညာအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စက္ကူခေါက် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးနေသည့်အပြင် အပတ်စဥ် စာပေချစ်သူများနှင့် စာဖတ်ဝိုင်းများ၊ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများနှင့် ပြည်သူ့စာကြည့်တိုက်မှလည်း ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ် မိတ်ဆက်ခြင်း အစီအစဥ်များကို အွန်လိုင်းမှတဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
ရတနာ