ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုအား ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကမမောင်း၊ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ဆန္ဒမဲပေး ပိုင်ခွင့် ရှိသူများ၏ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့နံနက်ပိုင်းမှ စတင်၍ကပ်ထား ကြေညာဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်၊ ဖာပွန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောဘူးသော၊ ဖာပွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ထွန်းနှင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာမှုကို ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများကအသိပေးနှိုးဆော်ရေး၊ပြည်သူများအနေဖြင့်မဲဆန္ဒရှင် စာရင်း လာရောက် ကြည့်ရှုရာတွင်ကိုဗစ် -၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက် နှင့် အညီ လိုက်နာဆောင်ရွက်ရေး၊မဲဆန္ဒရှင် စာရင်းလာရောက်ကြည့်ရှုမှုအားနေ့စဉ စာရင်းပြုစု၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့တင်ပြပေးရေး၊ မဲဆန္ဒရှင်စာရင်းများ လာရောက် ကြည့်ရှုရေး အတွက် တေးသီချင်းများ ဖွင့်လှစ်ပေးရေးတို့ကို ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးကျော်ဝင်းမောင်က လမ်းညွှန်မှာကြားခဲ့သည်။

ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများကိုသတ်မှတ်နေရာအသီးသီးတွင် အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း၊ ကမမောင်းမြို့တွင် မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၃ စုတို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၁၃၅၇၀)ဦး ခန့်ရှိကြောင်း ဖာပွန်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။

လင်းသန့်၊(ပြန်/ဆက်)