ကန့်ဘလူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်

ကန့်ဘလူ မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရဟန်းရှင်လူပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်​ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လာရောက်ထိုးနှံသူ ပြည်သူများအား ထိုးနှံပေးရမည့် အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံပေးသည်။ ယင်းအပြင် ကျန်းမာရေး ဆေးပေးခန်းဖွင့်လှစ်၍ လာရောက်ပြသသူ ပြည်သူများ၏ ရောဂါ ဝေဒနာအလိုက် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)