အထက်မင်းလှ မေ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းလှ အခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးဦးညွန့်ဝင်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူးနှင့်ဌာနဆိုင်ရာများက ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများ ထံပေးအပ်ခဲ့သည်။
အဆိုပါ မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)