မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တွင် ပုသိမ်တက္ကသိုလ်က တင်သွင်း ဖတ်ကြားခဲ့သော စာတမ်းနှင့် ပြခန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

ပုသိမ် မေ ၂၆

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တွင် ပုသိမ်တက္ကသိုလ်က တင်သွင်း ဖတ်ကြားခဲ့သော စာတမ်းနှင့် ပြခန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)သို့ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က တင်သွင်းဖတ်ကြားခဲ့သည့် “အဆင့်မြင့် ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူ ပြုစေမည့် ပတ်ဝန်းကျင်ဖြင့်သင်ကြားရေး” စာတမ်းအား ဖတ်ကြားဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သဖြင့် များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ပထမခံယူထားသည့် တာဝန်မှာ သင်ကြားခြင်း၊ သင်ယူခြင်းဖြင့် ရှိပြီးသား အသိပညာကို လွှဲပြောင်းပေးရန်၊ ဒုတိယ ခံယူထားသည့် တာဝန်မှာ သုတေသနနှင့် တီထွင်ဖန်တီးမှုဖြင့် အသိပညာအသစ်ကို ဖန်တီးရန်နှင့် တတိယခံယူထားသည့် တာဝန်မှာ ဒေသတွင်း ထိတွေ့ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် လူမှုအသိုက်အဝန်းကို အထောက်အကူပြုစေရေး ဒေသတွင်းလူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပံ့ပိုးပေးရန်ဖြစ်သည်ကို သိရှိရပါကြောင်း၊ တက်ရောက်လာသူများ အနေဖြင့် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးနိုင်ပါကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တက်ရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနီလာကြူက မြန်မာနိုင်ငံလုံး ဆိုင်ရာပညာရေးညီလာခံ (၂၀၂၃)တွင် တင်သွင်းဖတ်ကြားခဲ့သော “အဆင့်မြင့်ပညာကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပြင် လူမှုအသိုက်အဝန်း အထောက်အကူပြုစေမည့် ပတ်ဝန်းကျင်ဖြင့် သင်ကြားရေး” စာတမ်းအားဖတ်ကြားဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ပြန်လည်ဖြေကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)