စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ အခြားမြို့များသို့ ပြေးဆွဲမည့် ကုန်စည်ကား ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ကိုဗစ်−၁၉ ကပ်ရောဂါ ရှိ/မရှိ စတင်စစ်ဆေး

ကလေး အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကုန်စည်စီးဆင်းမှုများပြတ်တောက်မှုမရှိစေရေး အတွက် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်-၁၉ကပ် ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ပူးပေါင်းပါဝင်လျက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ကလေးမြို့မှအခြားမြို့များသို့ အရေး ပေါ်ကုန်စည်ကားများပြေးဆွဲမည့်ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက်များအား တစ်ဦးလျှင်(၂၀၀၀၀)နှုန်းဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါရှိ/မရှိ စတင်စစ်ဆေးပေးလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ဆီမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ရှိ/မရှိစစ်ဆေးတဲ့ test kit အခု (၂၀၀)ပဲရှိတဲ့အတွက် ကျွန်တော်တို့ တစ်ရက်ကိုအယောက်(၄၀)ကျော်နှုန်းနဲ့စစ်ဆေးပေးသွားမှာဖြစ်ပါတယ်၊ test kit တွေကုန်သွားရင်တိုင်းအစိုးရစီ တောင်းမယ် ပြီးတော့ ရတာနဲ့တစ်ခါတည်း ပြန်စစ်ပေးသွားမှာပါ၊ အဖြေထွက် တာမကြာတဲ့အတွက် စစ်ဆေးနေ တဲ့အချိန်အတွင်းမှာ  ကားဆရာတွေအနေနဲ့ခဏလောက်တော့ စောင့်ရပါမယ်၊ သူတို့အနေနဲ့အစစ်မခံဘဲထွက်သွားရင် လမ်းမှာအခက်အခဲဖြစ်နိုင်တာကြောင့် ဒီမှာစစ်လိုက်တာကပိုကောင်းပါတယ်”ဟု ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်တစ်ဦးကအခုလို ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ အရေးပေါ် ကုန်စည်ကားများပြေးဆွဲမည့် ယာဉ်မောင်း များနှင့် ယာဉ်နောက် လိုက်များအား  မကွေး၊ ဂန့်ဂေါဘက်မှဝင်ရောက်လာသူများအား နတ်ချောင်း -ငါးဖား ဂိတ်တွင်လည်းကောင်း၊ ချင်း ပြည်နယ် ဝေဘူလမြို့နယ်ခွဲဘက်မှဝင်ရောက်လာသူများအား ရေစို ဂိတ်တွင်လည်းကောင်း၊ ချင်းပြည်နယ် ခိုင်ကမ်း မြို့နယ်ခွဲဘက်မှဝင်ရောက်လာသူများအား (၉)မိုင်ဂိတ် တွင်လည်းကောင်း ကိုဗစ်-၁၉ကပ်ရောဂါကူးစက်မှု ရှိ/မရှိ စစ်ဆေးပြီးမှသာကလေးမြို့အတွင်းသို့ ဝင်ရောက်ခွင့်ကိုလက်ခံမည် ဖြစ်ကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)