မင်းဘူး မေ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး သီးနှံစိုက်ခင်းများအတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားကာ သီးနှံစိုက်ဧကပေါင်း ၁၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“မြို့နယ်အတွင်းမှာ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ မိုခါမုန်တိုင်းနဲ့အတူ မိုးရွာသွန်းခဲ့မှု များကြောင့် သီးနှံစိုက်ခင်းတွေမှာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီး ထိခိုက်ပျက်စီးခဲ့တာ ဧကပေါင်း ၁၂၀၀၀ ကျော် ရှိပါတယ်။ ရေကြီးနစ်မြုပ်လို့ သီးနှံစိုက်ခင် ထိခိုက်ပျက်စီးမှုအခြေအနေတွေကို လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနဲ့ စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းတွေက ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့ မြေပြင်အရောက် ကွင်းဆင်းပြီး စာရင်းကောက်ယူမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အများဆုံး ထိခိုက်ပျက်စီးတဲ့သီးနှံက နွေးနှမ်းသီးနှံဖြစ်ပြီးတော့ စပါးကတော့ ထိခိုက်မှုမရှိပါဘူး။ ထိခိုက်ပျက်စီးခဲ့တဲ့ သီးနှံနဲ့ဧကစာရင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် ကျေးရွာအုပ်စုပေါင်း ၄၈ အုပ်စု၊ ကွင်းပေါင်း ၁၁၇ ကွင်းမှ ဒေသခံတောင်သူပေါင်း ၅၀၈၈ ဦး၏ သီးနှံစိုက်ခင်းများအတွင်း ၁၃၂၀၂ ဧက ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး နွေနှမ်းသီးနှံ ၁၁၇၂၅ ဧကနှင့် မိုးအကြိုစိုက်ပျိုးထားသော ပဲတီစိမ်းသီးနှံ ၃၀၃ ဧက စုစုပေါင်း ၁၂၀၂၈ ဧက ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)