မြောင်းမြ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် အဘိတ်(Abate) ဆေးခတ်ခြင်း လုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက ယမန်နေ့ နံနက် ၈ နာရီအချိန်က အမှတ်(၇) ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြသည်။
မိုးဦးကျရာသီ ဖြစ်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျား ရောဂါ ကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ် (Abate) ဆေးခတ်ခြင်းကို အမှတ်(၇) ရပ်ကွက်အတွင်းရှိ ရေသိုလှောင်ကန်များအား အဘိတ်ဆေးထည့်ခြင်း၊ စဥ့်အိုးများအား ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ခြင်ခိုအောင်းနိုင်မည့်နေရာများမရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။
မြောင်းမြမြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများသို့ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝေဝေ(မြောင်းမြ)