ပန်းတောင်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တာဆီးနိုင်ရေး ၊ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်အသုံးပြုကြရေးအတွက် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှ ဦးဆောင်၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံက်ပိုင်းက မြို့အဝင် လမ်းဆုံနှင့် ငါးမျက်နှာကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။ ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးဦးဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များ က စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ၊လှုပ်ရှားသွားလာနေကြသော ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျအသုံးပြုရေး တို့ကို ပညာပေးပြောကြားခြင်း ၊ နှာခေါင်းစည်းများအားဖြန့်ဝေခြင်းတို့ကို အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉နှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များ ၊ နှာခေါင်းစည်းများတပ်ဆင်အသုံးပြုရေး နှိုးဆော်သည့် သီချင်းဖွင့်လှစ်၍ အသိပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
သင်းသင်းအေး(ပြန်/ဆက်)