ဘိုကလေး မေ ၂၆
ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့မှ (၃၀)ရက်နေ့အထိ သတ်မှတ် ဆောင်ရွက်ထားရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကျောင်းအပ်နှံ နေမှုအခြေအနေများအား အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဝင် ဗိုလ်မှူးကြီး နိုင်လင်း၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၁)နာရီခွဲ အချိန်တွင် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
လှည့်လည်ကြည့်ရှုရာတွင် ဘိုကလေးမြို့ပေါ်မှ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတို့အား သွားရောက်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်က ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဆရာ/မများအား လမ်းညွှန်မှာကြားခြင်း၊ ကျောင်းသား/သူများ အား အနာဂတ်၏ သားကောင်းရတနာများ ဖြစ်စေရေး၊ လူတော်၊ လူကောင်း၊ လူရည်ချွန်များ ဖြစ်စေရေးအတွက် တစ်စိုက်တစ်မတ် ကြိုးစားကာ ပညာသင်ယူကြရန် မှာကြားဆောင်ရွက်ပြီး ကျောင်းအပ်နှံသည့် ကလေးများအား သင်ရိုးညွှန်းတန်းများ၊ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)