အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

အိမ်မဲ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက မိုးစပါး တစ်ဧက (၁၀) တင်း ထွက်ရှိရေးအတွက် လယ်ယာမြေများတွင် ထုံးထည့်ခြင်း၊ သစ်စိမ်းမြေသြဇာ ထည့်သွင်း စိုက်ပျိုးကြရန်၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းအကြောင်း၊  အပတ်စဥ်စုပေါင်း သန့်ရှင်းရေးကို ဌာနဆိုင်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံကြရန်နှင့် မြို့နယ်ပြည်သူဆေးရုံတွင် နေ့စဥ်ထိုးနှံပေးလျက်ရှိသည့် အကြောင်း၊ လျှပ်စစ်မီးရရှိရေးကိစ္စများနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို အကျယ်တဝင့် ဆွေးနွေးခဲ့ သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိ မှုများကို တင်ပြဆွေးနွေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆက်လက်ဆွေးနွေးခဲ့ကြ သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)