ညောင်လေးပင် မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ စက်မူလယ်ယာဦးစီးဌာနကပြုလုပ်သော သီးနှံမျိုးစုံမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ယမန်နေ့ မနက် ၁၀ နာရီအချိန်က ညောင်လေးပင်မြို့နယ်၊ ဘိုင်းဒါးကျေးရွာ၊ တောင်သူဦးအောင်ဝင်းသိန်း၏ လယ်မြေ ၁၄ ဧကကွင်းအမှတ်(၃၃၅ /က)၌ စိုက်ပျိုးပေးခဲ့ကြသည်။
ရှေးဦးစွာမြို့နယ်စက်မူလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ဆန်းနိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးစိုးနိုင်တို့က သီးနှံမျိုးစုံမျိုးစေ့ချကိရိယာများဖြစ်သော စက်ဆွဲစီတာ၊ လက်ဆွဲစီတာများ၏စွမ်းဆောင်ချက်၊ အားသာချက်များကို တောင်သူများအားရှင်းလင်းပြောကြားပြီး မိုးစပါးများလက်တွေ့စိုက်ပျိုးခဲ့ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့်တောင်သူများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် ယခင်နှစ်ကြဲခင်းစိုက်ပျိုးသည့်လယ်မြေများပေါ်တွင် ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ စီတာဖြင့်ပြုပြင်ပြောင်းလဲစိုက်ပျိုးခြင်းကို အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ စက်ဆွဲစီတာဖြင့်စိုက်ပျိုးမည်ဆိုလျှင် ၈ နာရီကို ဆယ်ဧကအထိဆောင်ရွက်နိုင်မည်ဖြစ်ပြီး လက်ဆွဲစီတာဆိုလျှင် တစ်ရက်ကိုငါးဧကအထိစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ လက်ဆွဲစီတာကိရိယာတစ်ခုကို တန်ဖိုးငွေကျပ်နှစ်သိန်းရှစ်သောင်းသာရှိပြီး စက်ဆွဲစီတာ ၄ ပုံးစက်တစ်စီးကိုငွေကျပ် ၅၆ သိန်းနှင့် ၅ ပုံးစက်တစ်စီးဆိုလျှင်ငွေကျပ် ၅၉ သိန်းသာရှိကြောင်း၊ စက်ဆွဲစီတာတစ်စီးကို ဌားရမ်းအသုံးပြုမည်ဆိုလျှင်တစ်ဧကကို ငွေကျပ်နှစ်သောင်းငါးထောင့်ငါးရာကျပ်သာ ကျသင့်မည်ဖြစ်၍ တောင်သူများအတွက် အချိန်ကုန်ငွေကုန်သက်သာ၍ ထိရောက်အောင်မြင်မူရှိမည်ဖြစ်ကြောင်း သိရသည်။
သီးနှံမျိုးစုံမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးပွဲသို့ညောင်လေးပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဘုန်းမောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်အားပေးခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်ရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။ ယခုသီးနှံမျိုးစုံမျိုးစေ့ချကိရိယာဖြင့်အသိပညာပေးခြင်းကို ညောင်လေးပင်မြို့နယ်အတွင်း ကျေးရွာအုပ်စုလေးစုတွင်ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ကျေးရွာအုပ်စုများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်