ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပုသိမ် မေ ၂၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ ငွေများအား ခရိုင်(၈)ခရိုင်သို့ လွှဲပြောင်း ပေးအပ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်(၈)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအား ဧရာဝတီတိုင်းဒေသကြီးမှ(၈)ဘီလီယံရရှိခဲ့ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများနှင့် MSMEလုပ်ငန်းများ၊ ကုန်ထုတ် သမဝါယမ အသင်းများ တည်ထောင်လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လျာထားထောက်ပံ့သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများကိုလည်း တစ်ပါတည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း" ပြောကြားပြီး ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံခရိုင်နှင့် လပွတ္တာခရိုင်တို့မှ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများထံသို့ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးရွာများအနက်မှ စံပြကျေးရွာ ပထမဆုရရှိသော ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာနှင့် ဒုတိယဆု ရရှိသော မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာတို့မှ ကျေးရွာ ကော်မတီဝင်များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)