တနင်္သာရီ၌ Quarantine ဝင်ရောက်ပြီးသူ (၆၆၁) ဦးအား နှာခေါင်းတို့ဖတ်/အာခေါင်တို့ဖတ်ပေးပို့ စစ်ဆေးရာ (၆၆၁) ဦးစလုံး ပိုးမတွေ့ရသေးကြောင်း သိရှိရ

တနင်္သာရီ၊ အောက်တိုဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးအတွက် နိုင်ငံရပ်ခြားနှင့် တိုင်းနှင့်ပြည်နယ် /မြို့နယ်ခြားဒေသအသီးသီးမှ နေရပ်သို့ပြန်လာသူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဦးစီးကော် မတီ၏လမ်းညွှန်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၆) ရက်နေ့မှစ၍ (Community Based Facility Quarantine) ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့်သတ် မှတ်နေရာ Facility Quarantine များတွင် (၁၄) ရက်ကြာ စောင့်ကြပ်ကြည့်ရှုမှုခံယူစေခဲ့ရာ အောက်တိုဘာ ၆ ရက်နေ့ညအထိ (၆၆၁) ဦး၊ Quarantine ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းQuarantine ဝင်ရောက်သူ (၆၆၁)ဦးတို့၏ နှာခေါင်းတို့ဖတ်/အာခေါင်တို့ဖတ်များကို အနည်းဆုံးတစ်ကြိမ်ရယူ၍ သက်ဆိုင်ရာဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးရာ ယနေ့အထိတနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉  ရောဂါပိုးတွေ့ အတည်လူနာ(မ)ရှိသေးကြောင်း၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်းထံမှ သိရှိရသည်။

ယခုလက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း သတ်မှတ်နေရာ (Facility Quarantine) နေရာ တစ်ချို့မှာ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခံနေသူ(၁၈)ဦးရှိပြီး၊  ၎င်း(၁၈)ဦးတို့၏ နှာခေါင်းတို့ဖတ်/အာခေါင်တို့ဖတ်များကို သက်ဆိုင်ရာဓာတ်ခွဲခန်း(မော်လမြိုင်)သို့ပေးပို့ရာ ပိုးမတွေ့ရှိသည့် အဖြေကိုလည်း ရရှိထားပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဌာနဝန်ထမ်းများက အသွားအလာကန့်သတ်နယ်မြေအတွင်း တစ်နေ့လျှင်နှစ်ကြိမ်နှုန်း အပူချိန်တိုင်းတာစစ်ဆေးပေး၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိရာ ကျန်းမာရေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလ (၁၄) ရက်ပြည့်ရန် စောင့်ဆိုင်းနေစေလျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ ထပ်မံသိရှိရသည်။

ဤမြို့နယ်တွင် ပြည်သူလူထု၏ဝိုင်းဝန်းပူးပေါင်းကူညီပေးမှုဖြင့် အသွားအလာ ကန့်သတ် နယ်မြေ (Community Based Facility Quarantine)အဖြစ် ထားရှိမည့်နေရာ(၆၉)နေရာအတွင်းလက်ခံနိုင်သည့် ယာယီနေရာ(၁၂၈၅)ခုအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)