ထန်းတပင်မြို့နယ်တွင်  ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာမှုအား တာဝန်ရှိသူ များမှ ကြည့်ရှုစစ်ဆေး

ထန်းတပင် (ပဲခူး) အောက်တိုဘာ ၇

၂၀၂၀ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး  တောင်ငူခရိုင် ထန်းတပင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌အောက်တိုဘာ (၁ )ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေငြာလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထားရှိမှုများကို ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးအောင်မြင့်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုး နှင့်လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းမင်းလတ်၊   တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌနှင့် အတွင်းရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဌနှင့်  အတွင်းရေးမှူးတို့မှ  ယမန်နေ့မွန်းလွှဲပိုင်းက သီရိဟေမာရပ်ကွက်နှင့် တပြေးကျေးရွာတို့တွင် လိုက်လံစစ်ဆေးခဲ့သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ကြေငြာကပ်ထားပြီးဖြစ်ရာ အခြေခံမဲဆန္ဒရှင်စာရင်းတွင် မိမိအမည်   မပါဝင်ပါက  ပုံစံ(၃)ဖြင့်   အမည်ထည့်သွင်းရန်  တောင်းဆိုခြင်း  အခြားဒေသမှ လာရောက်နေ ထိုင်သူများဖြစ်ပါက ပုံစံ၃(က)ဖြင့် လျှောက်ထားခြင်း မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း မဲစာရင်းပါ အချက်အလက်မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်စိစစ်၍ ဆောင်ရွက်သွား မည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်  မဆုံးရှုံးစေရေး အတွက်မဲစာရင်း လာရောက်ကြည့်ရှုကြရန် ရပ်ကွက်/ ကျေးရွာများတွင်  အသံချဲ့စက်ဖြင့်နှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)