ကျောင်းကုန်း မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အ.ထ.က(ခွဲ) အောက်ပိုင်းကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် IRRAWADDY GREEN TOWERS တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (နည်းပြ)သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်က "အကျိုးပြုဒါနပြုလုပ်ခြင်းဟာ တိုင်းပြည်တည်ဆောက်ခြင်း"ဟု ဆိုရိုး ရှိသည့်အတိုင်း ကြက်ခြေနီလုပ်ငန်းသည် ပြည်သူကို အကျိုးပြုတဲ့လုပ်ငန်းဖြစ်ကြောင်း၊ အသင်းဝင် (၃)မျိုးမှာ ရာသက်ပန်အသင်းဝင် သာမန်အသင်းဝင်နှင့် တပ်ဖွဲ့ဝင်တို့ ဖြစ်ပါကြောင်း ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်မောင်က သာမန်လူတွေထက် မြင့်မားတဲ့စိတ်ဓာတ်ရှိသူများဟာ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ IRRAWADDY GREEN TOWERS မှတာဝန်ရှိသူတစ်ဦးက ကြက်ခြေနီနဲ့ ပူးပေါင်းပြီး အလုပ်လုပ်တာများနေပြီဖြစ်ကြောင်း၊ တာဝါတိုင်များ တည်ဆောက်မှုဟာ အများကြီး ရှိပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ခြင်း၊ သင်တန်းတွင် ထူးချွန်သူများအား ထူးချွန်ဆုများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဧရာဝတီတိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ တိုင်းတပ်ဖွဲ့မှူး ဦးဝင်းမြင့်က ယခုလို သင်တန်းဖွင့် လှစ်နိုင်ရန် ကူညီပေးပါသော IRRAWADDY GREEN TOWERS ကို ကျေးဇူးတင်ရှိပါကြောင်း၊ နည်းပြသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကြည်အောင်နှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတိုင်းတပ်ဖွဲ့မှူး ဦးဝင်းမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အသင်းခွဲဥက္ကဋ္ဌ ဦးကြည်စိန်နှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ဧရာဝတီတိုင်း (၂၆)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)