လွိုင်ကော် အောက်တိုဘာ ၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝင်ရောက်လာသည့် ကုန်တင်မော်တော်ယာဉ်များနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ထွက်ခွာမည့် ကုန်တင်မော်တော်ယာဉ်များရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်တိုဘာ ၅ ရက်နေ့မှ စတင်၍ RDT Test Kit ဖြင့် စစ်ဆေးပေးလျက် ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆရာဝန်နှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများက ကယားပြည်နယ်ပြင်ပမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ပြည်နယ်ပြင်ပသို့ ထွက်ခွာမည့် ကုန်တင်ယာဉ် ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ၎င်းတို့၏ ဓာတ်ခွဲနမူနာများကို ရယူ၍ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးပေးခဲ့ရာ အောက်တိုဘာ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် စစ်ဆေးခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၃၀)ဦးစလုံး ပိုးမတွေ့(ပိုးမတွေ့)ရှိသဖြင့် ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံ စာများ ထုတ်ပေးခဲ့သည်။
အဆိုပါ ထောက်ခံစာများမှာ ကုန်စည်စီးဆင်းမှုအဆင်ပြေစေရေးအတွက် ဝင်/ထွက်သွား လာနိုင်ရန် ထုတ်ပေးထားခြင်းဖြစ်ပြီး ကယားပြည်နယ်အတွင်း ဝင်ရောက်လာပါက ပြည်နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ထား သည့် နေရာတွင်သာ နေထိုင်ရမည်ဖြစ်ကြောင်း၊ မြို့အတွင်းသို့ ဝင်/ထွက်သွားလာခွင့် မပြုကြောင်းနှင့် ထပ်မံဝင်ရောက်လာသူများကိုလည်း ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ထွန်းလေး