ငဖဲ မေ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အဂတိလိုက်စားမှု ကျူးလွန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အဂတိလိုက်စားမှု ကျူးလွန်ဆောင်ရွက်ချက်များ မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူး ဇော်ဝင်း၊ မြို့နယ်ဉပဒေအရာရှိ ဦးမျိုးကိုကိုဟိန်း၊ မြို့နယ်စာရင်းစစ်ဦးစီးမှူး ဒေါ်ခိုင်သီတာတို့က ပူးပေါင်း၍ စိုက်ထူပြသခဲ့ပြီး လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ဝေသည့် အဂတိလိုက်စားမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
မြေစိုက်ပိုစတာ၌ အများပိုင်နှင့် ပုဂ္ဂလိကကဏ္ဍများတွင် လာဘ်ပေးလာဘ်ယူမှုပြုခြင်း၊ အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများတွင် အလွဲသုံးစားပြုခြင်း၊ ဩဇာအာဏာကို သုံးစွဲ၍ မလျော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းတာဝန်ကို အလွဲသုံးစားပြုခြင်း၊ တရားမဝင် ကြွယ်ဝချမ်းသာလာခြင်း၊ ငွေကြေးခဝါချခြင်း၊ အထက်ဖော်ပြပါ ပြစ်မှုများနှင့် ဆက်နွယ်သည့် ဖုံးကွယ်ခြင်း၊ တရားစီရင်ခြင်းကို နှောင့်ယှက်ဟန့်တားခြင်း၊ တိုင်ကြားရာတွင် သတိပြုရမည့် အချက်များ၊ လိပ်မူ၍ တိုင်ကြားရမည့်လိပ်စာများနှင့် အသိပညာပေးလက်ကမ်းစာစောင်တွင် အဂတိလိုက်စားမှုနှင့်စပ်လျဉ်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပါရှိကြောင်း သိရသည်။
မယု(ငဖဲ)