ဟားခါး မေ ၂၅
ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ကအမှာစကား ပြောကြားရာတွင်ယနေ့အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ တိုးတက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးစေလိုကြောင်း၊ ယခုအချိန်တွင်ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း ၊ ချင်းပြည်နယ်၏ ဆက်သွယ်သွားလာရေးခက်ခဲမှုနှင့် လုံခြုံရေးကန့်သတ်ချက်များကြောင့် သတင်း အချက်အလက်ရရှိမှုအရ “မိုခါ” မုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် ထိခိုက်ပျက်စီးမှုများ မြို့နယ်(၄) မြို့နယ်တွင်သာ ဖြစ်ပွားကြောင်းသိရှိရကြောင်း၊ ယခုအခါ ထပ်မံဆက်သွယ်နိုင်မှုအရ ဖလမ်းမြို့နယ် အတွင်းရှိ ကျေးရွာ(၂)ရွာနှင့် အခြားကျေးရွာများ ထပ်မံတိုးလာသည်ကိုတွေ့ရကြောင်း ၊ ဆက်လက်၍ ဆက်သွယ်ရေးရရှိမှုအပေါ် ထိခိုက်ပျက်စီးမှုစာရင်းများ ထပ်တိုးလာနိုင်သည့်အတွက် Up to date စာရင်းများ ဆက်လက်တင်ပြပေးရန်လိုကြောင်း၊ မြန်မြန်သိရှိပြီး အချက်အလက် မြန်မြန်ရမှသာ မြန်မြန်ဆန်ဆန်တင်ပြနိုင်မည်ဖြစ်ပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းအပ်နှံမှုများစတင်လက်ခံ ဆောင်ရွက်နေပြီဖြစ်သည့်အတွက် စာသင်ကျောင်းပျက်စီးမှုများကို ဦးစားပေးပြင်ဆင်ပေးရမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိဌာနရုံး ထိခိုက်ပျက်စီးမှုရှိပါက အထောက်အထား မှတ်တမ်းဓာတ်ပုံများဖြင့် အချိန်နှင့်တစ်ပြေးညီတင်ပြရန်လိုကြောင်းဖြင့် အမှာစကားပြောကြား ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်ကဆက်လက်၍ အမှာစကားပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီများမှဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်ရမည့်အစီအမံများကိုလည်းကောင်း၊ ပြည်နယ်ပညာရေးမှူးက အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုစတင်လက်ခံဆောင်ရွက်မှုအခြေအနေနှင့် စာသင်ကျောင်းများ ပြုပြင်ထား ရှိမှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာက ဆက်သွယ်ရေးကောင်းမွန်ရန် ဆောင်ရွက်ထားရှိမှု၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ဝန်ထမ်း အိမ်ရာနှင့် ရုံးများပျက်စီးမှုအခြေအနေ၊ နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက လေဘေးသင့် ပြည်သူများအားကျပ် (၁၈၇၃၀၀၀၀) တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ထောက်ပံ့ပေးမည့် အခြေ အနေများနှင့်ပတ်သက်၍ လည်းကောင်း ၊ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်ရာတွင် နိုင်ငံတော်မှထောက်ပံ့မှု၊ ပြည်နယ်အစိုးရမှ ထောက်ပံ့မှုများအပြင် အလှူရှင်များက လှူဒါန်းမှုများရှိလာနိုင်သည့်အတွက် စာရင်းများစနစ်တကျထားရှိရေးနှင့် စာရင်း စစ်ဆေးမှုခံယူနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြံပြုဆွေးနွေးကြကာ ဆွေးနွေးချက်များပေါ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)