၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လွိုင်ကော် မေ ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တပ်နယ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ ၊ ပညာရေးဌာနမှ ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် အနာဂတ်မျိုးဆက်သစ်များ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်း၌ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကျောင်းများတွင် ဆရာနှင့်ကျောင်းသား အချိုးညီညီဖြင့် ပညာသင်ကြားနိုင်ရေး၊ စာသင်ဆောင်နှင့် သင်ကြားရေး အထောက်အကူပစ္စည်းများ ပြည့်စုံစေရေးနှင့် နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နေသော တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အတန်းပညာ၊ အတတ်ပညာနှင့် အသိပညာများမြင့်မားလာစေရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုး တော်ဆောင်များ၊ ကျောင်းသား မိဘများအနေဖြင့် အမျိုးသား တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ထားမှု၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှု၊  သက်မွေးပညာကျောင်း အပါအဝင် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ဆောင်ရွက်ထားမှု အခြေအနေများနှင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အခြေခံပညာကျောင်းများတွင် နှစ်ချို့ကင်းကွာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအလိုက် (Placement Test) ပြုလုပ်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ (KG+9) အောင်မြင်ထားသော ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် လွိုင်ကော်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည့် သက်မွေးပညာရပ်တစ်ခုဖြစ်သည့် စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်း၊ အ..က(ချိကယ်)တွင် တက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ ဆက်)