တောင်တွင်းကြီး အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၏ ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် စမ်းကုန်းကျေးရွာမှ အသက်(၁၈)နှစ်အရွယ် အမျိုးသားအား မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သတ်မှတ်ရက် (၁၁)ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့နေ့လယ်(၁၁)နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ် ကြောင်း သိရသည်။
လူနာမှာ ကျန်းမာရေးကောင်းမွန်လာပြီး သတ်မှတ်ထားသည့် ကာလပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုကာ နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဌေးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်မာ နှင့် တာဝန်ရှိသူများက အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
ယနေ့အထိ တောင်တွင်းကြီးမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၃)ဦးရှိပြီဖြစ်ပြီး ယခု ဆေးရုံမှဆင်းခွင့်ရသူ အသက်(၁၈)နှစ်အရွယ်အမျိုးသားသည် သက်သာပျောက်ကင်း၍ ပထမဆုံး ဆေးရုံမှဆင်းခွင့်ရ သူဖြစ်ကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)