သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

သာယာဝတီ မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်းပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ခုနှစ်၊ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၉၂)ကျောင်းတို့တွင် သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ခဲတံစသည်တို့ကို (အခမဲ့)ထုတ်ပေးလျက်ရှိသည်။

အဆိုပါကျောင်းအပ်နှံခြင်းများကို မေလ(၂၃)ရက်နေ့မှ  (၃၁)ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ(၁)ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 သန့်ဇော် (ပြန်/ဆက်)