ပွင့်ဖြူ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိုးစပါး စိုက်ပျိုးတောင်သူများအား မိုးစပါးသီးနှံအောင် ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရန်နှင့် ဆည်ရေလေလွင့် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဝန်ထမ်းများအဖွဲ့က တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး တစ်လျှောက် ဆည်ရေသောက်ဧရိယာအတွင်းရှိ ရေပေးဝေမြောင်းများအား (ကျု့ဆက်) တိုင်းတာ ခြင်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးတောင်သူများ သီးနှံအောင်ရေအပြည့်အဝ ပေးဝေနိုင်ရေးအတွက် ရေပေးဝေ သော မြောင်းများအလိုက် (ကျု့ဆက်) တိုင်းတာခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မဲဇလီရေလွှဲဆည်ရေမှ ပို့လွှတ်သော တောင်မုန်းမြောင်းမကြီးတစ်လျှောက် ဆည်ရေသောက်ဧရိယာများရှိ ရေပေးဝေ လက်တံမြောင်း (၂ ၊ ၄ ၊ ၈ ၊ ၉ ၊ ၁၁ ၊ ၁၃ ၊ ၁၄ ၊ ၁၅)နှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာများရှိ ရေပေးဝေလက်တံမြောင်း(၅ ၊ ၆ ၊ ၉)နှင့် ဆင်ဖြူကျွန်း အလှည့်ကျမြောင်းလက်တံများသို့ သွားရောက်ကာ ရေပေးဝေနေ သည့် ရေပမာဏအခြေအနေ(ကျု့ဆက်) တိုင်းတာခြင်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် ဆည်ရေလေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မြို့နယ်အတွင်းရှိ တောင်သူများကို စုဖွဲ့၍ ရေအသုံးချသူများအဖွဲ့ (Water User Group)ကိုလည်း စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးထားကြောင်းနှင့် ယခုလို မြို့နယ်အတွင်း ရေပေးဝေ မြောင်းများ အခြေအနေအား ဆည်ရေမည်မျှပေးဝေထားသည်ကို(ကျု့ဆက်)တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် မိုးစပါး သီးနှံအတွက် လိုအပ်သော ဆည်ရေကို စနစ်တကျ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခု ၂၀၂၀ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်၌ မိုးစပါးစိုက်ဧက စုစုပေါင်း ၇၁၀၈၇ ဧက လျာထား စိုက်ပျိုးထားရှိကြောင်း သိရပြီး သီးနှံစိုက်ပျိုးရေ အချိန်မီ ဖြန့်ဝေပေးနိုင်ခဲ့မှုကြောင့် တောင်သူများ စိုက်ပျိုးထားရှိသည့် မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင် ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး )