ပွင့်ဖြူ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ မေလ(၂၃)ရက်နေ့ကစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူဦးရေ တစ်သောင်းကျော် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ဆရာ၊ ဆရာမများက မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ စနစ်တကျ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို အခမဲ့ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ယခု ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှာ မေ ၂၃ ရက်နေ့ကစ၍ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံရမှာ မည်သည့် အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာပစ္စည်းတွေကို အခမဲ့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ မေ(၂၃)ရက်နေ့မှ ယနေ့အထိ တစ်မြို့နယ်လုံး (မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း) ကျောင်းသားဦးရေ စုစုပေါင်း ၁၁၉၂၁ ဦး လာရောက်အပ်နှံပြီး ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခု ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ပွင့်ဖြူမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း (၁၆၉) ကျောင်းရှိရာ အ.ထ.က ကျောင်း(၁၀) ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၂၀) ကျောင်း၊ အ.လ.က ကျောင်း (၂) ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၁၂)ကျောင်း ၊ (မူလွန်)ကျောင်း (၁၀) ကျောင်း ၊ အ.မ.က ကျောင်း (၁၀၇) ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းရှိပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဇွန်(၁)ရက်နေ့တွင် ကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )