ရွှေတောင်မြို့နယ်တွင် ကမ်းပါးပြိုကျသည့် လူနေအိမ်(၂၇)လုံးအား ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် မဲစနစ်ဖြင့်နေရာချထားဆောင်ရွက်

ရွှေတောင် မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ညောင်စာရေးကျေးရွာအုပ်စု၊ လှေကြီးစုကျေးရွာရှိ လူနေအိမ်(၂၇)လုံးအား ကမ်းပါးပြိုကျ၍ ဘေးလွတ်ရာနေရာ၌ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် ဝယ်ယူထားရှိပြီး စနစ်တကျ မြေကွက်ရိုက်ထားပြီးဖြစ်သောမြေနေရာပေါ်တွင် ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် မဲစနစ်ဖြင့်နေရာချထားခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလူနေအိမ်(၂၇)လုံးအား ကမ်းပါးပြိုကျ၍ ဘေးလွတ်ရာနေရာ၌ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ(၅,၀၀၀,၀၀၀/-)ကျပ်ဖြင့် ဝယ်ယူထားရှိသော ယာမြေဧရိယာ(၁.၂၀)ဧကပေါ်ရှိ မြေကွက်(၂၇)ကွက်အား စနစ်တကျဖော်ထုတ်၍ ပြောင်းရွေ့နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးကျော်လွင် ဦးဆောင်၍ ကမ်းပါးပြိုအိမ်ထောင်စုများအား မဲစနစ်ဖြင့်စနစ်တကျခွဲဝေနေရာချထားပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက် )