ငဖဲ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းလွင်ကျေးရွာအုပ်စုနှင့် ရင့်ရှည်ကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေကျပ်သိန်းပေါင်း (၃၂၃) သိန်းကို ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်မြမြမိုးက ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ကထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေ ပြေကျေသည့် ကျေးရွာအုပ်စုများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် ချေးငွေများကို မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး အလေးထားစိုက်ပျိုးကြရန် ဆွေးနွေးပြောကြားပြီး စိုက်ပျိုး ရေးသွင်း အားစုပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါထုတ်ချေးပေးရာတွင် ငဖဲမြို့နယ် မင်းလွင်ကျေးရွာအုပ်စုမှ တောင်သူ (၆၃)ဦး၏ စပါး သီးနှံစိုက်ဧက (၁၀၂)ဧက နှင့် နှမ်းသီးနှံစိုက်ဧက (၁၉)ဧကအတွက် ချေးငွေကျပ် (၁၇၂)သိန်း၊ ရင်းရှည် ကျေးရွာအုပ်စုမှ တောင်သူ (၆၃)ဦး၏ စပါးသီးနှံစိုက်ဧက (၉၆)ဧက နှင့် နှမ်းသီးနှံစိုက် (၇)ဧကအတွက် ချေးငွေကျပ် (၁၅၁)သိန်း၊ စုစုပေါင်း တောင်သူ (၁၂၆)ဦးအတွက် ချေးငွေကျပ်သိန်းပေါင်း (၃၂၃)သိန်းကို ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် ထုတ်ချေးပေးရန်ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း သတ်မှတ်ကာလအတွင်း အပြီးထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)