ရေစကြို မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း နေထိုင် ကြသည့် ပြည်သူများ လျှပ်စစ်အန္တရာယ်မှကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်စီမံမှုဖြင့် မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနမှ ဝန်ထမ်းများက ပင်မဓာတ်အားပေးလိုင်းများအား လိုက်လံစစ်ဆေးပြီး လိုင်းကြိုးများဖြင့် မလွတ်ကင်းသည့် သစ်ကိုင်းများအား ရှင်းလင်းမှုများဆောင်လျက်ရှိကြောင်း သိရသည်။
မိုးရာသီကျရောက်ချိန် လျှပ်စစ်မီးရရှိချိန်တွင် လျှပ်စစ်မီးရရှိပြီးပြည်သူများ ဓာတ်အားများ အပြည့်အဝအသုံးပြုနိုင်ရေး၊ လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေး၊ မုန်တိုင်းဘေးအန္တရာယ် ဒဏ်ကြောင့် လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေးနှင့် လျှပ်စစ်မီးကြောင့် ပြည်သူများ ဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် ကျေးရွာချင်းဆက် ဓာတ်အားပေးလိုင်းများ၊ ရပ်ကွက်များအတွင်း ဓာတ်အားပေးလိုင်းများအား ပြုပြင်ထိန်းသိမ်းခြင်းနှင့်အတူ ဓာတ်အားပေးလိုင်းကြိုးများဖြင့် မလွတ်ကင်းသည့် သစ်ကိုင်းများအား ရှင်းလင်းခြင်း၊ ထရန်စဖော်မာများအား လိုက်လံစစ်ဆေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိုခါမုန်တိုင်းကြောင့် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်(၃) မြို့နယ်တွင် လျှပ်စစ်မီးများပျက်တောက်ခဲ့ရာ ယခုဆိုလျှင် လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
မောင်လုလင်(ရေစကြို)