အုတ်တွင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

အုတ်တွင်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၆၈)ကျောင်းများမှ ကျောင်းလာရောက်အပ်နှံသော မူလတန်းအဆင့် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ဘောလ်ပင်၊ ခဲတံ၊ ဗလာစာအုပ်နှင့်ကျောင်းသုံး ပုံနှိပ်စာအုပ်များအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါ ကျောင်းအပ်နှံခြင်းကို အုတ်တွင်းမြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်နှင့် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အနီးကပ်ကြီးကြပ်၍ ထက်/လယ်/မူ ဆရာ၊ ဆရာမများက ယနေ့မေလ ၂၃ ရက်မှစ၍ ၃၁ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)