မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမတွင် “က‌လေးအလုပ်သမား ပပျောက်ရေး အသိပညာပေး” (Talk Show) ကျင်းပ

မုံရွာ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ပပျောက်စေရေးတွက် အထူးအလေးထားရည်ရွယ်ကာ က‌လေးအလုပ်သမားပပျောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show) တွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ပေးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်သူများအတွက် အသိပညာဗဟုသုတများစွာရရှိပြီး က‌လေးအလုပ်သမားပပျောက်ရေးအသိပညာပေး” ခေါင်းစဥ်ဖြင့် သိရှိလိုသည့်မေးမြန်းဆွေးနွေးမှုများကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် က “ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကလေးအလုပ်သမားများမှာ များစွာရှိသော်လည်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများကို ထိရောက်သော ပြန်လည်ကုစားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခဲ့သော ပိုင်ရှင်နှင့်အမြတ်ထုတ်သူများအပေါ် ထိရောက်သောအရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရလည်း အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေလျှင် ပြစ်မှုနှင့်ပြစ်ဒဏ်ရှိကြောင်းဥပဒေမှာ ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကို ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ်ချမှတ်၍ ပြစ်ဒဏ်ချမှတ်နိုင်ပါကြောင်း၊ ပုဒ်မ ၄၈ (ခ)တွင် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် ကလေးသူငယ်၏ အသက်သည် ၁၄ နှစ်အောက်မငယ်စေရ၊ အကယ်၍နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်အရ အခမဲ့မသင်မနေရ ပညာရေးစနစ်အတွက် သတ်မှတ်ထားသောအသက်သည် ၁၄ နှစ်ထက်ပိုပါက ကျောင်းနေသောကလေးသူငယ်များ၏ အလုပ်လုပ်ကိုင်နိုင်သည့်အသက်သည် ထိုသို့ပို၍ သတ်မှတ်ထားသော အသက်ထက်မငယ်စေရ စသည့် ဥပဒေများ ပြဌာန်းထားပါကောင်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းဖြေကြားပေးခဲ့သည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်း၊ အသိပညာပေးခြင်းများကို အထူးအလေးထား၍ အပတ်စဥ်လစဥ် အသိပညာပေး (Talk Show) ပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းတို့ကို ပြည်သူဗဟိုပြုဆောင်ရွက်ပေးလျက်ရှိပြီးယနေ့ကျင်းပပြုလုပ်သော က‌လေးအလုပ်သမား ပပျောက်ရေးအသိပညာပေး (Talk Show) ကို မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Monywa facebook Page တွင် မှတ်တမ်းတင်ရိုက်ကူးတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)