ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ဟားခါးမြို့နယ်အတွင်း မိုခါမုန်တိုင်း ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်

ဟားခါး မေ ၂၄

ချင်းပြည်နယ်၊ ဟားခါးမြိုနယ်အတွင်းရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အမှာစကား ပြောကြားရာတွင် မိုခါမုန်တိုင်းတိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေး ကျရောက်သော ဒေသများအဖြစ် ကြေညာချက်အပေါ် ယင်းဒေသ များတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်အတွက် ဟားခါးမြို့နယ်တွင် တာဝန်ပေးအပ် ခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် မုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ယူမှု  ဆောင်ရွက်ရာတွင် ဆက်သွယ်ရေး ခက်ခဲမှုနှင့် သွားလာရာတွင် လုံခြုံရေးကန့်သတ်ချက်များရှိသည့် အတွက် ကူညီ ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ခက်ခဲမှုအချို့ ရှိသော်လည်း တပ်မတော်၊ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုကြောင့် ပျက်စီးမှုမှတ်တမ်းဓာတ်ပုံ၊ အချက်အလက်များ ရရှိခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက် ရာတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း အမှာစကား ပြောကြား သည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က ဟားခါးမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု (၈၂)စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အမိုးသွပ်များ ကို ပေးအပ်ရာ လေဘေးသင့် ပြည်သူများက လက်ခံရယူကြပြီး လေဘေးသင့်အိမ်ထောင်စုဝင်များ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)