မြန်အောင်တာမိုင် ၅/၆ အနီး မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မြန်အောင် မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်တာမိုင် ၅/၆ အနီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် (၅၀၀)သန်းဖြင့် မြစ်ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းထိန်းလုပ်ငန်းကို ဘိုးပိုင်အခြေပြုကျောက်စီနံရံနှင့် ရေထဲပိုင်း Geo bag ချခြင်း လုပ်ငန်းအလျား ၂၆၀ ပေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် (၅၀၀) သန်းဖြင့် လုပ်ငန်းသုံးပစ္စည်းတင်ဒါခေါ်ယူ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်တာမိုင် (၅/၆)နှင့် (၅/၇)အတွင်း ကမ်းပြိုကမ်းစားမှုဖြစ်ပေါ်နေသော ‌ရေကာတာမှာ ၂၀၁၉ ခုနှစ်၌ တာလုံးရွှေ့ခြင်း၊ ပန်းတာ တည်ဆောက်ခြင်း ဆောင်ရွက်ထားသော ရေကာတာဖြစ်ပြီး မီးရထားလမ်း၊ မြန်အောင်-ကြံခင်း ကားလမ်းမနှင့် တာအခြေမှာ (၁၅) ပေခန့် နီးကပ်နေသောကြောင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆက်လက်၍ နှစ်စဥ်ဆောင်ရွက်ပေးသွားစေလိုကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)