ကြံခင်းမြို့တွင်သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်

ကြံခင်း မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ လမ်းများတွင် ဆောင်ရွက်ခဲ့ကြသည်။

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် မိုးရွာသွန်းပြီး ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊   ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ပြီး       ခြင်ကြောင့်ဖြစ်ပွားနိုင်သော   သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊  ရေသိုလှောင်ကန်များ၊  ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများ၊ ရေအိုးများအားအဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို   စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဘိတ် (Abate) ဆေးခတ်ခြင်းကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မီးသတ်တပ်ဖွဲ့များမှ  တာဝန်ရှိသူများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းပြီး  အဖွဲ့များခွဲကာဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)