နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဝန်းသိုမြို့နယ်ရှိ Volunteer စေတနာ့ဝန်ထမ်းအဖွဲ့များ အားပေးအပ်

ဝန်းသို အောက်တိုဘာ ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ လုပ်ငန်းစဉ်များတွင် မေတ္တာ၊ စာဂ၊ ဝီရိယကိုအခြေခံ၍ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့်  Volunteer စေတနာ့ဝန်ထမ်းအဖွဲ့များအား  ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဒေါင်းမြူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ဝန်းသိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှုးဦးနေမျိုးထွန်းကအဖွင့်အမှာစကားပြောကြားပြီးကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင် ဌာနများ၊ ကော်မတီပါ CBFQ တာဝန်ခံများ၊ ဂိတ်တာဝန်ခံများ၊ ယာဉ်လိုင်းပိုင်ရှင်များကကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း စဉ်များတွင် လက်ရှိဆောင်ရွက်နေ သည့်လုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ် ငန်းများကိုဆွေးနွေးညှိနှိုင်းတင်ပြခဲ့ကြသည်။

ထို့နောက် ဝန်းသိုမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင် ကူညီ ဆောင်ရွက်ခဲ့ကြသည့်  Volunteerစေတနာ့ဝန်ထမ်း ၃၂ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီး ပေးခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)