ကျိုက်လတ် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းဆိုင်ရာ နည်းပညာပေး သင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနေထိုင်ပြီး မိမိတို့ရဲ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ စာပေစကားများကိုလည်း ပညာရေးမူဝါဒ မထိခိုက်စေဘဲ သင်ကြားသင်ယူကြရန်၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ဆက်လက်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အားလည်းကောင်း၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဌာနလုပ်ငန်းဆောင်ရွက်ချက် များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး တို့က ကူးစက်ရောဂါ ကာကွယ်ထိန်းသိမ်းရေး၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း နည်းပညာများ၊ မြက်ချဉ်ပတ် ပြုလုပ် နည်းများကို သင်ကြားပြသခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးတာဝန်ခံမှ စပါး အထွက်နှုန်း တိုးတက်စေရန်နည်းလမ်းများ၊ ဓာတ်မြေသြဇာကို အချိန်ကိုက်အချိုးကျ စနစ်တကျ အသုံးပြုတတ်ရန်၊ နေကြာသီးနှံစိုက်ပျိုးရေး၊ အိမ်တွင်းဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရေးစသည့် စိုက်ပျိုးရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည်များကိုလည်း ကောင်း၊ သဘာဝမြေသြဇာ ပြုလုပ်နည်းများ ကိုလည်းကောင်း အသီးသီးပညာပေး ဟောပြောသင်ကြားပြသပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ပုသိမ်နတခမှ ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့သည် ကျိုက်လတ် အထက(၁)နှင့် အမက(၄) ကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံနေမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)